Apple ဟာ တကယ်ပဲ သင်ခန်းစာ မရသေးတာလား….

Apple ဟာ နောက်ထပ် ၂၀၁၈ ကလိုမျိုး အမှားကို ပြန်လုပ်မိနိုင်ပါတယ်။ ၂၀၁၈ မှာ လုပ်မိခဲ့တဲ့ အမှားဟာ သူ့ရဲ့စတော့ဈေးကို ထိုးကျစေခဲ့ပါပြီ။ Apple ဟာ ၂၀၁၉ ထဲမှာ နောက်ထပ် မော်ဒယ် အသစ်သုံးခုကို နောက်ထပ်ထုတ်သွားဖို့ ရှိတယ်လို့ Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ပြသနာကတော့ နောက်ထပ် အသစ်ထွက်လာမယ့် ဖုန်းတွေဟာ ရှေ့ကထွက်ထားတဲ့ ဖုန်းတွေနဲ့ယှဉ်ရင် စွမ်းဆောင်ရည်တွေ အသုံးပြုထားတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက Apple ရဲ့ အမာခံပရိတ်သတ်တွေကို အသစ်ထွက်လာမယ့် ဖုန်းတွေကို ဝယ်စေချင်အောင် တကယ်ပဲ ဆွဲဆောင်နိုင်မှာလား ဆိုတာပါပဲ။

အပါတ်ထဲမှာတော့ တရုတ်နိုင်ငံမှာ iPhone XR အတွက် 1036 ဒေါ်လာကနေ 836 ဒေါ်လာအထိ 17.1% Discount ပေးထားပါတယ်။ တကယ်ကို iPhone မော်ဒယ်အသစ်တွေအတွက် ရေနစ်တဲ့သူ ကောက်ရိုးမျှင် လိုက်ဆွဲနေသလိုပါပဲ။ သုံးသပ်သူတွေကတော့ တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေး တင်းမာမှု အခြေအနေကြောင့် တရုတ်ပြည်ရဲ့ စီးပွားရေးကျဆင်းမှုဟာ Apple ရောင်းအားကို အနည်းငယ်သက်ရောက် စေခဲ့ပါတယ်လို့ သုံးသပ်ကြပေမယ့် Apple ဘက်ကကြည့်ရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ Discount ထပ်ပေးတာကလည်း Apple ဟာ ရွှေဥ ဥပေးနေတဲ့ တရုတ်ကို လက်မလွှတ်ချင်ပုံပါပဲ။ တရုတ်ဘက်က သုံးသပ်သူတွေကလည်း “ Apple ရဲ့ Specification တွေနဲ့ နီးစပ်တဲ့ ပိုဈေးသက်သာတဲ့ Huawei ကို ဝယ်လိုအားတွေ မြင့်တက်လာလို့ပါပဲ” လို့ သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဆိုဆို 2018 မှာ Apple ဟာ ပဲလှော်ကြားက ဆားဖြစ်နေခဲ့ပါတယ်။
Apple ဟာ စမတ်ဖုန်းလောကကို ဦးဆောင်ခဲ့တာဟာ သူ့ရဲ့မှော်ဆန်ဆန် လုပ်ဆောင်ချက်တွေ ကြောင့်ပါပဲ။ iPhone X အထိ အသစ်ထွက်သမျှ ဖုန်းတိုင်းဟာ စမတ်ဖုန်းတွေရဲ့ နောက်မျိုးဆက်တွေကိုပါ ထင်ဟပ်စေတဲ့ ရှေ့ပြေးတွေဖြစ်ခဲ့တယ်။ iPhone 5s ကို မိတ်ဆက်တုန်းက သူ့မှာပါလာတဲ့ Fingerprint Sensor ကြောင့် အံ့အားသင့်စေခဲ့တယ်။ iPhone 7plus ကလည်း Dual Lens နဲ့ Portrait Mode ကြောင့် ထပ်ပြီး Surprise လုပ်ခဲ့တယ်။ ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ မိတ်ဆက်တဲ့ iPhone X ရဲ့ Face Recognition ဟာလည်း Smartphone တွေရဲ့ Security လုံခြုံဖို့ ရှေ့ပြေးဖြစ်ခဲ့တဲ့အပြင် AR(Augmented Reality) အတွက်လည်း အားကိုးရတဲ့ ခြေလှမ်းတွေဖြစ်လာခဲ့ပါသေးတယ်။

ဒါပေမယ့် iPhone XR iPhone XS နဲ့ iPhone XS Max ဟာ လူတွေရဲ့ အံ့အားသင့်စေတဲ့ အသံကိုတိတ်သွားစေခဲ့ပါတယ်။ iPhone X ရဲ့ Specs တွေနဲ့ သိပ်မထူးခြားတဲ့အပြင် ဈေးတွေကလည်း အရမ်းမြှောက်တက်သွားလို့ပါပဲ။ ဂျပန်နိုင်ငံတက္ကသိုလ်တစ်ခုက ပရော်ဖက်ဆာ တစ်ယောက်ကတော့ “Apple ဆီက လိုချင်တာကတော့ တကယ်လှပြီး အရမ်းမိုက်တဲ့ဒီဇိုင်းနဲ့ ကျွန်တော်တို့ကို စိတ်လှုပ်ရှားစေပြီး မဝယ်ချင်ဘဲ မနေနိုင်လောက်အောင် ဖြစ်စေမယ့် အရာမျိုးပါပဲ။ ကင်မရာလို feature မျိုးကို အဆင့်မြင့်တာကတော့ ဆွဲဆောင်မှုမရှိပါဘူး။ ဘာလို့ဆို လူတိုင်းက အဲဒါတွေပဲ လုပ်နေကြတာကိုး” လို့ ဆိုပြီး Apple အပေါ်တော်တော်လေး မျှော်လင့်ချက် ကြီးတာကို တွေ့ရမှာပါပဲ။

Apple အပြင် Samsung, LG တို့လည်း တစ်လှေတည်းစီး ဒုက္ခသည်ဖြစ်နေကြပါပြီ။ Huawei, Oppo တို့ရဲ့ ဈေးနှုန်းနဲ့ လိုက်ပြီး မယှဉ်နိုင်တဲ့အခြေအနေကတော့ ဆုပ်လည်းစူး စားလည်းရူး အခြေအနေ ရောက်နေသလိုပါပဲ။
၂၀၁၉ မှာထွက်လာမယ့် ဖုန်းတွေကိုတော့ Apple fan တွေကတော့ အများကြီးမျှော်လင့်ထားပေမယ့် မျှော်လင့်သလိုဖြစ်လာပါ့မလားဆိုတာကတော့ စောင့်ကြည့်စရာတစ်ခုဖြစ်လာစေပါပြီ။

Ref; www.ccn.com

,

Leave a Reply

Your email address will not be published. Required fields are marked *